ထူးခြားသမိုင်းတွင်သောနေ့

နတ်တလင်းမြို့ရဲ့ ထူးခြားသမိုင်းတွင်သည့်နေ့.......

နှစ်စဉ် တန်ဆောင်မုန်းလ ဘုရားကြီးပွဲတော်နှင့် ဆွမ်းတော်ကြီးကပ်လှူပွဲများတွင် ပွဲတော်စည်ကားရေးအတွက် စက္ကူမီးပုံးပျံလွတ်ပွဲများကို ဆုများချီးမြှင့်၍ အပြိုင်အဆိုင် ကျင်းပခဲ့ကြပါသည်၊ အလွန်လည်းစည်ကားပါသည်၊ ရန်ကုန်နှင့် ပြည်အကြား တန်ဆောင်တိုင်ပွဲတော်တွင် အလွန်နာမည်ကြီးသော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်၊ နေ့ဘက်တွင် ဆင်ရုပ်၊ ကျားရုပ်၊ နွားရုပ်၊ ဟင်္သာရုပ် စသည်ဖြင့် မီးပုံးပျံများကို ပုံစံအမျိုးမျိုးပြုလုပ်၍ ယှဉ်ပြိုင်ပြီး ညဘက်တွင် မီးပုံးပျံကြီးအောက်မှ ချိတ်ဆွဲလျှက် ဗြောက်တန်း(မီးပုံးကလေးများ)ဖြင့် စေတီပုံ၊ ဘယက်ပုံ၊ ပန်းရထားပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးပြုလုပ်ထားရုံမက ပျံတက်နေစဉ် အမြင့်ကိုရောက် သောအခါ သုံးချက်ဖြတ်၍ ပုံစံသုံးမျိုးပြောင်းစေခြင်းဖြင့် ယှဉ်ပြိုင်ရပါသည်၊ ထိုမီးပုံးပျံပြိုင်ပွဲများတွင် အခြားမြို့နယ်များ အပါအ၀င် တောရောမြို့ပါ ပါဝင်ယှဉ်ပြိုင်ကြပါသည်၊
၁၉၅၉ ခုနှစ်၊ နတ်လမ်းသံစောင်းတန်းကြီးပြီးမြောက်သောအခါ စက္ကူမီးပုံးပျံလွှတ်ပွဲကျင်းပခြင်းဖြင့် မကျေနပ်ဘဲ ဦးကျော်ရင်ကဲ့သို့ လူကိုယ်တိုင်စီးပြသော မီးပုံးပျံကို လွှတ်တင်နိုင်ရန် ကြိုးပမ်းကြပါသည်၊ သတင်းစာမှလည်း စီးနိုင်သူအား ကျပ်တစ်ထောင်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဖိတ်ခေါ်ကြေညာခဲ့ပါသည်၊ ထိုနှစ်က စီးမည့်သူ တစ်ဦးပေါ်ခဲ့ပါသည်၊ သို့သော် ထိုသူမှာ မီးပုံးပျံစီးဝံ့ရုံသာရှိပါသည်၊ စီးဖူးသည့် အတွေ့အကြုံမရှိ မီးပုံးပျံချုပ်ပုံချုပ်နည်းကိုလည်းသေချာစွာမသိသဖြင့် လူစီးနိုင်မည့် မီးပုံးပျံကို ပိတ်(၆)အုပ်မျှဖြင့် ချုပ်လုပ်ပါသည်၊ ထိုမီးပုံးပျံသည် လူစီးနိုင်ရန်မဆိုးထားဘိ မှိုင်းခံ၍ပင် မရပါ၊ အကြိမ်ကြိမ်အခါခါကြိုးစား၍ နောက်ဆုံးလက်လျှော့လိုက်ရပါသည်၊ မီးပုံးပျံကို လူစီးပြမည်ကြောင့် ကြည့်ရှုရန် လာရောက်ကြသော ပရိတ်သတ်ကြီးမှာလည်း အံ့မခန်းများပြားလှပါသည်၊ မအောင်မြင်သည် ကြောင့် ပြန်ကြရ၍ စိတ်မချမ်းသာကြရပါ၊ ပွဲတော်ကျင်းပရေးကော်မတီမှာလည်း နတ်လမ်းသံတန်စောင်းအဖွင့် မီးပုံးပျံ လူစီးပြ၍ အမှတ်တရ ဖြစ်စေလိုသော ရည်ရွယ်ချက်မှာ မအောင်မမြင် ဖြစ်ခဲ့ရပါသည်၊
၁၉၆၀ ခုနှစ်တွင် ကျင်းပရေးကော်မတီသည် စိတ်မကျေနပ်သဖြင့် မီးပုံးပျံဦးကျော်ရင်၏ ဆက်နွယ်များကို စုံစမ်းလေ့လာရှာဖွေခဲ့ရာ သွေးသောက်မဂ္ဂဇင်း အယ်ဒီတာ ဦးပြည့်စုံ(နတ်တလင်းသား ဦးကျော်ရိုး)၏ ဆက်သွယ်ပေးမှုအရ ဦးကျော်ရင်၏ သားဦးကျော်လင်း၊ အသက်(၄၆)နှစ်(လက်ထောက်စာတည်း၊ စာပေဗိမာန်)နှင့်တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါသည်၊ပထမတွင် ဦးကျော်လင်းက အကြိမ်ကြိမ်ငြင်းပယ်သော်လည်း ကော်မတီ၏ဇွဲရှိရှိဖြင့် မေတ္တာရပ်ခံချက်အရ နောက်ဆုံးတွင် ဦးကျော်လင်းကလိုက်လျောသဘောတူကာ မီးပုံးပျံကို ကိုယ်တိုင်လာရောက်စီးပြပါမည်ဟု ကတိပြု လိုက်ပါသည်၊ ကော်မတီအဖွဲ့သည် ၀မ်းမြောက်ဝမ်းသာဖြင့် ပြန်ခဲ့ပြီး လိုအပ်သည်များကိုစီစဉ်ဆောင်ရွက်ကြပါသည်၊ ဦးကျော်လင်းသည် အသက်(၁၆)နှစ်သားခန့်က ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့တွင် ထားဝယ်မြို့၌ အဖဦးကျော်ရင်နှင့်အတူ နှစ်ယောက်တွဲ ၍ မီးပုံးပျံစီးခဲ့ဖူးပါသည်၊ ထို့ကြောင့်အတွေ့အကြုံရှိပြီး ယခုစီးမည့်အချိန်တွင် အသက်(၄၆)နှစ်၊ ကျန်းမာသန်စွမ်းဖျက်လတ်သူဖြစ်သည့် အပြင် စီးမည်ဟု ကတိပြုပြီးချိန်မှစ၍ ကျန်းမာရေးအတွက် လေ့ကျင့်ခြင်း၊ ခေတ်ပညာတတ်ဗဟုသုတနှင့်ပြည့်စုံ၍ ဖခင်၏နည်းစနစ် အတွေ့အကြုံအဖုံဖုံကိုရရှိထားသူဖြစ်၍ မီးပုံးပျံကို အချိုးကျ ချုပ်လုပ်နိုင်ခြင်း၊ မှိုင်းခံမှုစနစ်ကျနခြင်း၊ မီးပုံးပျံတွင် ပါရှိရမည့် သံပုခက်၊ သဲအိတ်၊ စသည်များကို စီစဉ်စေခြင်း၊ မီးပုံးပျံတက်သွားသည့်အခါ ထပ်ချပ်မကွာမြင်းစီးသမားများ လိုက်ပါစေခြင်း၊ စသည့်လိုအပ်မှုအရပ်ရပ်ကို စီစဉ်ဆောင်ရွက်စေခဲ့ပါသည်၊ ပြီးပြည့်စုံသောအခါ ဘုရားကြီး၏ အရှေ့အထက်တန်းကျောင်းဝင်းအတွင်းတွင် ၁၉၆၀ ခုနှစ်၊ (၁၃၂၂)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံကြီးကို အောင်မြင်စွာ လွှတ်တင်နိုင်ပြီး ဦးကျော်လင်းသည် မီးပုံးပျံကြီးကို ဦးကျော်ရင်ကဲ့သို့ စီးနင်းလိုက်ပါခဲ့ပါသည်၊
ဦးကျော်လင်းသည် မီးပုံးပျံကြီးအမြင့်ပေ(၁၀၀၀)ခန့်အရောက်တွင် ကျွမ်းဘားကစားကာ အစွမ်းပြသခဲ့ပါသည်၊ မီးပုံးပျံပွဲသို့ လာရောက်ကြည့်ရှုကြသော လူထုပရိတ်သတ်ကြီးမှာ တစ်သိန်းကျော်ခန့်ရှိပါသည်၊ ကျောင်းဝင်းကြီးတစ်ခုလုံး ပြည့်လျှံရုံမျှမက မီးရထားလမ်းပေါ်မှာပင် ပြည့်ကျပ်နေပါသည်၊ ပရိတ်သတ်ကြီးသည် ဦးကျော်လင်း ကျွမ်းဘားကစားပြသွားသည်ကို ရင်သတ်ရှုမောကြည့်ရှုနေကြရာ ရန်ကုန်-ပြည်ရထားဝင်လာသည်ကိုပင် ဂရုမထားမိကြပါ၊ မီးရထားကြီးမှာလည်း လူပရိတ်သတ်ကြီး ပိတ်ဆို့နေသဖြင့် ဆက်လက်မမောင်းနိုင်ဘဲ ခေတ္တရပ်ထားရပါသည်၊ ရထားပေါ်ပါ ခရီးသွားများကလည်း ကြည့်ရှုခွင့်ရသွားကြပါသည်၊ ဦးကျော်လင်း၏ မီးပုံးပျံကြီးသည် တဖြည်းဖြည်းပြန်ကျသွားပါသည်၊ ကျသည့်နေရာသို့ မြင်းသည်တော်များ အပြင်းစိုင်း၍ သွားကြကာ ဦးကျော်လင်းကို ထမ်းပိုးပင့်မြောက်ကာ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပြန်လာကြပါသည်၊ ဦးကျော်လင်းမှာလည်း ဘေးမသီရန်မခဘဲ မီးပုံးပျံကို အောင်မြင်စွာ စီးပြနိုင်ခဲ့ပါသည်၊
ထို့ကြောင့် ထိုနှစ်တန်ဆောင်တိုင်ပွဲတော်သည် ထူးခြားသော အမှတ်တရ ပွဲတော်တစ်ခု ဖြစ်ခဲ့ပါသည်၊ ဦးကျော်လင်းအား နောက်တနေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်(၁၉၆၀)ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့တွင် ကိုယ်ထူကိုယ်ထဆေးရုံ အသစ်ဖွင့်ပွကြီးတွင် စည်းကားလှသော ဧည့်ပရိတ်သတ် ဗိုလ်ပုံအလယ်၌ ထိုစဉ်က သာယာဝတီအရေးပိုင်ဖြစ်သော မစ္စတာမက်သယူးက မီးပုံးပျံပုံပါသော ရွှေအစစ်တံဆိပ်ကို ကော်မတီကိုယ်စား ချီးမြှင့်လိုက်ပါသည်၊ ဧည့်ပရိတ်သတ်ကြီးကလည်း သောင်းသောင်းဖျဖျလက်ခုပ်တီး၍ ချီးကျူးလိုက်ကြပါသည်။(စာ-၁၉/၂၀/၂၁)

အကျိုးဆောင်ဖော်ပြသူ...

ကိုလင်း(မယ်လိုဒီ)